Aug 28, 2011

သမီးလေး ပို့တဲ့ "စာ"


သို့ ဖေဖေ

ဖေဖေနေကောင်းတယ်မဟုတ်လား။ ဖေဖေနေကောင်းအောင်လို့ သမီးဆုတောင်းနေမယ်နော်။ ဖေဖေက သမီးဖေဖေ့ကို သတိရရင် စာရေးပေါ့ဆိုလို့ သမီးရေးလိုက်တာ။ ညနေ ကျောင်းဆင်းမှ ဖေဖေ တခါက ပြထားတဲ့ စာတိုက်ပုံး နီနီကလေးထဲ သမီးသွားထည့်လိုက်မယ်။ ဖေဖေ့ အလုပ်တွေက ဘယ်တော့ ပြီးမှာလဲဟင်၊ သမီး ဖေဖေ့ကို သတိရလှပြီ။ အလုပ်တွေ ပြီးရင် ပြန်လာပါ တော့နော်။ မနေ့ညကလေ မိုးတွေ အရမ်းရွာတယ်။ လျှပ်စီးတွေ လက်တော့ သမီးကြောက်လိုက်တာ။

ဖေဖေဆိုရင် သမီးကို ဖက်ထားမှာပဲနော်။ မေမေကတော့ တနေကုန် ဈေးရောင်းရတာ ပင်ပန်းလို့နဲ့ တူပါရဲ့၊ မိုးရွာတာတောင်မသိပဲ အိပ်ပျော်နေတယ်၊ မေမေလဲ သနားပါတယ်။ ဒါနဲ့ဖေဖေ မနေ့ကညနေ ကျောင်းဆင်းတော့ မိုးတွေရွာတယ်လေ။ အရမ်းမှောင်မဲပြီး လေတွေကလဲ တိုက်တယ်။ သမီး အရမ်းချမ်းလို့ ပြေးလာတာ ဖေဖေ၀ယ်ပေးခဲ့တဲ့ ဖိနပ်ကလေး ပြတ်သွားတယ်။ သမီး နှမျောလိုက်တာ။ သမီးဆောင်းရတဲ့ ထီးကလေးကလဲ ကိုင်းတွေ ပြုတ်ကုန်ပြီ ဖေဖေရဲ့။ အသစ်ဝယ်ပေးဖို့ မေမေက ပိုက်ဆံမရှိဘူးတဲ့။ ဖေဖေ ပြန်လာရင်တော့ ဟိုတခါကလို ပိုက်ဆံတွေ ပါလာမှာပေါ့နော်။ အဲ့ဒီအခါကျရင်လေ သမီးအတွက် ထီးနဲ့ ဖိနပ်ကလေး ၀ယ်ပေးပါနော် ဖေဖေ။ ဒါပဲနော် ဖေဖေ၊ ထမင်းစားချိန် ကျောင်းပြန်တက်တော့မယ်။ ဖေဖေကျန်းမာပါစေ။


သမီး

သို့ ဖေဖေ

ဒီကနေ့ မနက် သမီးကျောင်းမှာ အရိုက်ခံရတယ်။ အိမ်စာ မလုပ်ခဲ့လို့ ဆရာမက သမီးကို ရိုက်တာ။
အရိုက်ခံရတာက သိပ်မနာဘူး ဖေဖေ။ဒါပေမဲ့ သမီးရှက်လိုက်တာ။ ရှေ့အတန်းက လဲ့လဲ့ဦးက သမီးကို ပြောင်ပြတယ်။
သူက 'တော်' ရတယ်လေ။ သမီးလဲ ဖေဖေ စာသင်ပေးတုန်းကဆို ခဏခဏ
'တော်'ဆိုတာ ရတယ်၊ သူ့ထက်တောင်မှ များသေးတယ်။ ခု ဖေဖေက မရှိတော့ ဘယ်လို သင်ပေးမလဲ။
မေမေက ကောက်ညင်းတွေ ပေါင်းနေတာ မသင်ပေးအားဘူးတဲ့လေ။ နေပါစေလေ။ သမီး ကြိုးစားပါ့မယ်။
ဖေဖေ ပြန်လာလို့ သမီးစာအုပ်တွေ စစ်ရင် သမီးရထားတဲ့ 'တော်' တွေအများကြီး ပြနိုင်အောင်လို့လေ။
ဒီတခါ ဖေဖေသွားတာ ကြာလိုက်တာ။ ဖေဖေ သွားကတည်းက သမီးက လိုက်မသွား စေချင်ပါဘူး။
ဖေဖေ့ကို လာခေါ်တဲ့ ဖေဖေ့မိတ်ဆွေ ဆိုတဲ့ ဦးလေးကြီးတွေက မျက်နှာ တင်းတင်းကြီးတွေနဲ့။ မေမေ့ဆီက နေ့တိုင်း ပိုက်ဆံတွေလာလာ တောင်းနေတဲ့ ဒေါ်အမာကြီးလိုပဲ။ ဒါပေမဲ့ အဲ့ဒီ ဦးလေးကြီးတွေက နည်းနည်းတော့ သဘောကောင်းတယ်နော် ဖေဖေ၊ သူသမီးကို ပေးခဲ့တဲ့ သကြားလုံးကလေးက စားလို့ ကောင်းလိုက်တာ။ ဖေဖေ
ပြန်လာရင် သမီးကို အဲ့တာမျိုးလေး ၀ယ်ခဲ့ပေးပါ။ ခုတော့ သမီး အိပ်တော့မယ်နော်။ မေမေက ဒီဖယောင်းတိုင် ကုန်ရင် နောက်ထပ် မရှိတော့ဘူးတဲ့။ ညနေကလဲ ဟင်းမကောင်းဘူး၊ မေမေ့မှာ ပိုက်ဆံနည်းနေလို့တဲ့ အိမ်ဘေးက မြောင်းနားမှာ ပေါက်နေတဲ့ ပုဇွန်စာရွက်တွေ သမီးဆင်းခူးရတယ်။ အဲ့ဒါပဲ ကြော်စားကြတယ်။ အရင်ကဆို ညနေဘက် ဖေဖေ
ပြန်လာရင် ဟင်းတွေ ပါလာနေကျလေ။ သမီးက အဲ့ဒီ အကြောင်းပြောတော့ မေမေက စိတ်ဆိုးတယ်။ ဘာလို့လဲ ဖေဖေ။
ခုတလော မေမေက ဖေဖေ့ အကြောင်းပြောရင် စိတ်တိုတယ်။ မေမေက ဖေဖေ့ကို သတိမရဘူးလား မသိဘူးနော်။ မေမေ
ခေါ်နေပြီ၊ သမီး သွားအိပ်တော့မယ်။ ဖေဖေ ကျန်းမာပါစေ။

သမီး

သို့ ဖေဖေ

သမီး မနေ့ကတည်းက စာရေးချင်နေတာ။ မေမေလေ ဦးလေးကြီး တစ်ယောက်ကို အိမ်ခေါ်လာတယ်။ သမီး
အတွက် ဖေဖေ့အစားတဲ့။ မဟုတ်ပါဘူး ဘယ်လိုလုပ်ပြီး ဖေဖေ့ အစားလဲ၊ သမီး ဖေဖေက ရှိတယ်လေ.. နော်။ ဒါပေမဲ့ သမီး
မပြောပါဘူး။ မေမေ့ကို ကြောက်လို့။ အဲ့ဒီလူကြီးက သမီးကို ချီပြီး နမ်းတယ်၊ နောက်ပြီး မုန့်လဲ ပေးတယ်၊ သမီးက မယူတော့ မေမေက ယူလိုက်လေတဲ့။ အဲ့ဒီနေ့က အိမ်မှာ လူတွေအများကြီး လာတယ်။ မုန့်တွေလဲ အများကြီး စားရတယ်။ မေမေ
က အ၀တ်အစား သစ်တွေနဲ့၊ ပန်းတွေလဲ ပန်လို့၊ နှုတ်ခမ်းနီလဲ ဆိုးထားသေးတယ်။ ပြီးတော့ ကောက်ညင်းပေါင်းလဲ ထွက်မရောင်းဘူး။ ဘယ်လိုတွေလဲ မသိပါဘူး။သမီး စိတ်ညစ်လာလို့ နောက်ဖေးကနေ မုန့်နှစ်ခုယူပြီး ချောင်းနားမှာ သွားထိုင် နေလိုက်တယ်။ မုန့်တွေကတော့ စားကောင်းတယ် ဖေဖေ။ သမီး မုန့်စားရင်း ဖေဖေအခု ပြန်လာရင်
ကောင်းမှာပဲလို့ တွေးနေတာ။ ကြာလိုက်တာ ဖေဖေကလဲ၊ ဘာလို့ခုထိ ပြန်မလာရ သေးတာလဲ။ သမီးငိုချင်လာပြီ။
ဒါပေမဲ့ မငိုလိုက်ရပါဘူး။ သမီးကို ဘေးအိမ်က ကြီးကြီးမြ လာခေါ်လို့ ပြန်လိုက်သွားရတယ်။ မေမေနဲ့ အဲ့ဒီဦးလေးကြီးကို ကန်တော့ဖို့တဲ့။ မကန်တော့ ချင်ပါဘူး၊ ဒါပေမဲ့ ဖေဖေ မသွားခင်က ပြောခဲ့တဲ့ "မေမေ့စကား နားထောင်နော်"
ဆိုလို့ သမီး ကန်တော့လိုက်တယ်။ မေမေက ပြုံးလို့....။ အဲ့ဒီ လူကြီးက မေမေ့ ပုခုံးကို ဖက်ထားတယ်။ ဖေဖေရေ လုပ်ပါဦး။
ဖေဖေက မေမေ့ ယောက်ျားဆို၊ အခု ဒီလူကြီးကလဲ မေမေ့ ယောက်ျားတဲ့။ မေမေ့ဆီမှာ ဘာလို့ ယောက်ျား နှစ်ယောက် ဖြစ်နေရတာလဲ။ သမီး မသိတော့ဘူး.... ဖေဖေကတော့ သမီးရဲ့ ဖေဖေပဲ။ ဒီလူကြီးကို ဖေဖေ မခေါ်ချင်ပါဘူး။ သမီးမှာ ဖေဖေ ရှိတယ်လေ၊ အဲ့ဒါ မေမေလဲ သိသားနဲ့ သူတို့ မယုံလို့လားဟင်။ သမီး ဖေဖေ့ဆီကို လိုက်လာချင်တယ်။ ဖေဖေရေ
မြန်မြန် ပြန်လာပါတော့နော်။

သမီး

သို့ ဖေဖေ

ဖေဖေ နေကောင်းလား။ သမီး ဖေဖေ့ဆီ စာရေးချင်တာ ကြာပြီ ဖေဖေ။ ဒါပေမဲ့ သမီးတို့ အိမ်ပြောင်းနေလို့
မရေးရတာ။ တော်သေးတယ် သမီးကျောင်းတော့ မပြောင်းရသေးဘူး။ မေမေကတော့ ကောက်ညင်းပေါင်း မရောင်းတော့ဘူး ဖေဖေ။ အိမ်မှာပဲနေတယ်၊ ၀က်ဆီဖတ်ကြော်တယ်။ ဦးမောင်တင့်က ပန်းရံခေါင်းလေ။
အော်.. ဦးမောင်တင့် ဆိုတာ မေမေ့ရဲ့ နောက်ယောက်ျားတဲ့။ ဒါဆို ဖေဖေ ကရောလို့ သမီးကမေမေ့ကို မေးတော့ မေမေက သမီးကို နောက်ထပ် အဲ့ဒီစကား မပြောရဘူးတဲ့။ ဘာလို့လဲ မသိဘူးနော်၊ ကိုယ့်ဖေဖေ ကိုယ်မေးတာပဲ မမေးရဘူးလား။ စိတ်ညစ်လိုက်တာ။ အိမ်ပြောင်းတော့လဲ မပြောင်းချင်ပါဘူး။ ဖေဖေ ပြန်လာရင် ရှာမတွေ့မှာ စိုးလို့လေ။
ရှာတွေ့မှာပါနော် ဖေဖေ။ အိမ်မတွေ့လဲ သမီးရဲ့ ကျောင်းကို လိုက်လာပေါ့။ စာမေးပွဲ ဖြေရတော့မယ် ဖေဖေ။
သမီး စာဘယ်လောက် ကျက်ကျက် လဲ့လဲ့ဦးကို မမီဘူး။ သူက ကျူရှင် တက်တယ်လေ၊ သမီးလဲ သူ့လို တော်ချင်လို့ ကျူရှင် တက်ချင်တယ် ပြောတော့ မေမေက ဦးမောင်တင့်ကိုမေးပေးမယ်တဲ့။
မမေးသေးဘူးလား မသိပါဘူး ခုထိလဲ ကျူရှင် မတက်ရဘူး။ ဖေဖေ ဆိုရင်တော့ ထားမှာပဲနော်။
နောက်တနှစ်မှ တက်ရမယ် ထင်ပါရဲ့၊ အဲလိုဆို ဒီနှစ်စာမေးပွဲမှာ သမီး ဆုယူရတော့မှာ မဟုတ်ဘူး။
ဟိုး တနှစ်ကဆို ဖေဖေရယ်၊ မေမေရယ် သမီးရယ် ဆုပေးပွဲ သွားကြတယ်လေ။ အဲ့ဒီနေ့က ဖေဖေရော မေမေရော သမီးရော အ၀တ်အစား အသစ်ကလေးတွေနဲ့၊ အဲ့ဒီနေ့က ရိုက်ထားတဲ့ ဓာတ်ပုံလေး မေမေဘယ်မှာ သိမ်းထားလဲ မသိဘူး၊ ရှာလို့ မတွေ့တော့ဘူး။ မေမေက ဘာမှန်းလဲ မသိပါဘူး ဖေဖေရာ၊ နောက်ပြီး မနေ့ညက ဦးမောင်တင့်ကို နင်းပေးရတယ်၊ အကြာကြီးမှ အရမ်းကြာတာပဲ၊ သမီး ခြေထောက်တွေတောင် နာလာတယ်။ အရင်ကလဲ ဖေဖေ့ကို နင်းပေးနေကျပါပဲ၊ ဒါပေမဲ့ ဖေဖေ့ကို နင်းပေးရတာ ပျော်စရာ ကောင်းတယ်၊ ဖေဖေကဆို ခြုံးသလေတို့၊ ခြားဖဝေတို့
ပြောပြီး နင်းခိုင်းတယ်။ ပြီးတော့ ရယ်စရာ ပုံပြင်တွေလဲ ပြောပြတယ်။ အဲ့ဒီ ဦးမောင်တင့်ကြီးကတော့
ဘာမှလဲ မပြောပြဘူး။ အိပ်ပဲ အိပ်နေတာ၊ အိပ်ပျော်သွားလို့ သင်္မီး ဆင်းမယ်လုပ်ရင် ပြန်နိုးပြီး နင်းခိုင်းပြန်ရော။
နင်းမပေးချင်ပါဘူး၊ သမီး ဖေဖေမှ မဟုတ်ဘဲကို၊ ဖေဖေရေ ပိုက်ဆံ မရရင်လဲ နေပါစေတော့၊ မြန်မြန် ပြန်လာခဲ့ပါ။ သမီး တိတ်တိတ်ကလေး စုထားတာ လေးရာတောင် ရှိသွားပြီ ဖေဖေရဲ့။ စာအိတ်ကလေးတွေ ၀ယ်ရလို့ သိပ်မစုရတာ။ နောက်ဆို မုန့်ကို ဒီထက်ပိုပြီး မစားဘဲ သမီး စုထားရမယ်။ တော်ပြီဖေဖေ ခုနကမေမေက ဘာတွေ ရေးနေတာလဲဆိုပြီး လာကြည့်သွားတယ်။ တော်သေးတယ် ခြေသံကြားကတည်းက သင်္ချာစာအုပ်ကလေး ဖွင့်ပြီး သင်္ချာတွက်ချင်ယောင် ဆောင်လိုက်လို့၊ သမီးက မေမေ့ကို ဖေဖေ့ဆီ စာရေးဖို့ပြောဖူးပါသေးတယ်။ သမီး သွားပို့ပေးမယ် ပြောတော့
ရိုက်လည်း ရိုက်တယ်။ အဲ့ဒီမေမေကို မချစ်ပါဘူး၊ ဦးမောင်တင့်ကြီး ဆိုရင် သူသိပ်ကြောက်တာပဲ၊ ဖေဖေ့တုန်းကဆို သိပ်နိုင်တာ။ ဟိုက "ခင်လေးရေ" ဆိုတာနဲ့ ဘယ်နေရာ ရောက်နေနေ ချက်ခြင်း ထသွားတယ်။ ဖေဖေခေါ်တုန်းကဆို အမြဲတမ်း မကြားချင် ယောင်ဆောင်နေတာ သမီး အသိဆုံး။ တော်ပါပြီ မပြောတော့ဘူး။ လမ်းထိပ်မှာ ငရုတ်သီး
မှုန့်သွားဝယ် ပေးလိုက်ဦးမယ်၊ မြန်မြန် ပြန်လာပါနော် ဖေဖေ။

သမီး

သို့ ဖေဖေ

'ထောင်' ဆိုတာ ဘာလဲ ဖေဖေ။မေမေကလေ "နင့်အဖေက ထောင်ထဲမှာ၊ ဒီလောက် နင့်အဖေကို ချစ်ရင်
နင်ပါ လိုက်နေပါလားတဲ့" ။သမီး လိုက်နေလို့ ရလားဟင်၊ လာလို့ရရင် လာနေချင်လိုက်တာ။ ဆိုက်ကားဂိတ်က ဦးမြင့်မောင်က ပြောတာကျတော့ ထောင်ဆိုတာ ဆိုးတဲ့လူတွေကို ထည့်ထားတာတဲ့၊ ဖေဖေက ဆိုးလို့လားဟင်။ ဦးမောင်တင့်ကမှ ဆိုးတာ။ သူ ထောင်ထဲရောက်ပြီး ဖေဖေ ပြန်လာလို့ရရင် ကောင်းမယ်။ အဲ့လူကြီးက မေမေ့ ရှေ့ကျရင်သာ သမီး၊ သမီးနဲ့ နောက်ကွယ်ကျတော့ အမျိုးယုတ်လေးတဲ့။ ဟိုတနေ့ ကဆို မေမေဈေးသွား နေတုန်း သမီးကို နားရင်း လာအုပ်တယ်လေ၊ သမီးလဲ သူ့ကို ဘာမှမလုပ်ဘဲနဲ့များ။ ပြီးတော့ ပြောသေးတယ် နင့်ကို ကျောင်းထားရတာ ပိုက်ဆံကုန်
တယ်တဲ့။ နောက်နှစ် မထားတော့ဘူးတဲ့။ စိတ်ညစ်လိုက်တာ။ သမီးက ဆရာဝန်မကြီး ဖြစ်ချင်တာကို။ ကျောင်းမတက်ရရင် ဘယ်ဖြစ်ရတော့မလဲနော် ဖေဖေ။ သမီး ကျောင်းမထွက်ချင်ပါဘူး။ စာကြိုးစား ပါ့မယ်နော်။ ဖေဖေရေ မြန်မြန် ပြန်လာပါတော့...။

သမီး

သို့ ဖေဖေ

မနေ့ညနေက သမီး ထမင်းမစားဘူး။ ပြီးတော့ ဒီမနက်လဲ မစားလာဘူး၊ မေမေ့ ကို စိတ်ဆိုးလို့။ မနေ့က ညနေ သမီး အိမ်ပြန်ရောက်တော့ အိမ်မှာ ဘယ်သူမှမရှိကြဘူး။ တံခါးကလဲ ပိတ်ထားတယ်။ အဲဒါနဲ့ အိမ်အောက်ထဲဝင်ပြီး ပြုတ်နေတဲ့ကြမ်းခင်း ပြားကလေးကနေ အိမ်ပေါ်တက်တယ်လေ။ သမီးအရမ်းဗိုက်ဆာနေတာကိုး။ နောက်ပြီးတော့ ထမင်းစားပွဲက အုပ်ဆောင်း ဖွင့်လိုက်တော့ ၀က်ဆီဖတ်ကြော်နဲ့ ထမင်းတွေ့တယ်။ သမီးမှ ၀က်ဆီဖတ် မစားချင်တော့တဲ့ဟာ ကြောင်အိမ်ဖွင့်တော့ ထပ်တွေ့တဲ့ ငါးဖယ်ဟင်းနဲ စားလိုက်တယ်လေ။ သမီး ငါးဖယ် အရမ်းကြိုက်တာ ဖေဖေက သိတယ်နော်။ မေမေက မသိဘူး။ သူပြန်လာတော့ သူ့ကိုမစောင့်ဘဲ အိမ်ထဲကို အဲလိုဝင်လို့တဲ့။ နောက်ပြီး ကြောင်အိမ်ထဲက ငါးဖယ်ဟင်းကို သူမသိဘဲ ခိုးစားလို့တဲ့ သမိးကိုရိုက်တယ်။ ဟိုလူကြီး ပြန်လာတော့လဲ တိုင်တယ်။ သူ့အဖေလို အကျင့်မျိုးပဲ ဖြစ်လာမှာပေါ့တဲ့။ မုန်းလိုက်တာ။ "ဘာလို့ ဖေဖေ့ မကောင်းကြောင်း ထည့်ပြောတာလဲ "လို့ သမီးက အော်ငိုတော့ မေမေက ထပ်ရိုက်တယ်။ သမီးကို ဦးမောင်တင့်က "သူခိုးကျင့် သူခိုးကြံနဲ့" လို့လဲ ပြောသေးတယ်။ သူ သေသွားပါစေလို့ သမီးကပြောတော့ မိုက်ရိုင်းတာတွေ ဆဲတယ်။ ဖေဖေ ပြန်လာရင် တိုင်ပြောမယ်ဆိုတော့ "နင့်အဖေသူခိုးက ဘယ်တော့မှ ပြန်မလာတော့ဘူး" တဲ့။ ဖေဖေက သူခိုးတဲ့။ မဟုတ်ဘူးနော်၊ သမီး ဖေဖေက သူခိုး မဟုတ်ဘူး။ နောက်ပြီး သမီးဆီကိုလဲ ပြန်လာမှာ။ မြန်မြန် ပြန်လာပါတော့ ဖေဖေရာ။

သမီး

ထိုနေ့က သူမ ခြေထောက်ကလေးကို မမီ့တမီ ထောက်ရင်း စာတိုက်ပုံး အပေါက်ဝ အတွင်းသို့ စာလေးကို ထည့်လိုက်ပြီး လွယ်အိတ်ကြိုးလေးကို တင်းတင်းဆုပ်ကာ အိမ်ပြန်ဖို့ ခြေလှမ်းတွေကို စလိုက်သည်။ ထိုစဉ်မှာပင် "သမီးလေး" ဟူသော ခေါ်သံကြောင့် သူမ ခေါင်းတွေ ချာကနဲလှည့်ကာ အသံလာရာကို ရှာလိုက်သည်။ "ဖေဖေ..ဖေဖေ" သူမ အော်ခေါ်ရင်း ဖေဖေ့ဆီကို ပြေးသည်။ ဖေဖေက သူမကို တင်းနေအောင် ပွေ့ဖက်ထားကာ တရှုံ့ရှုံ့ နမ်းသည်။ ထို့နောက် သူမကိုချီကာ အိမ်သို့ လမ်းလျှောက် လာခဲ့ကြသည်။ ထိုနေ့ညနေက သူမ မေမေနှင့် ဖေဖေ အကြီးအကျယ် ရန်ဖြစ်ကြသည်။ ဦးမောင်တင့်က ပေါက်တူးရိုးကြီး ကိုင်ကာ ဖေဖေ့ကို ရွယ်ထားသောအခါ သူမပြေးဝင်
ပြီး တွန်းချလိုက်သည်။ ထို့နောက် သူမ လက်ကိုဆွဲပြီး ဖေဖေနှင့် သူမ ပြန်ထွက်လာ ခဲ့ကြသည်။ ယခုတော့ ထိုအဖြစ်အပျက်အားလုံး နှစ်ဆယ့်ကိုးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ သူမ စာကြည့်စားပွဲမှာ ထိုင်ရင်း စာရေးဖို့အတွက် စာရွက်တွဲတွေကို ဆွဲယူလိုက်သည်။

သို့ ဖေဖေ

ဒီနေ့ သမီးဘွဲ့ယူရပြီ။ နောက်တစ်လနေရင် ပြန်လာရတော့မယ် ဖေဖေ။ PH.D ဘွဲ့ ရဖို့အတွက် စာတွေက
အရမ်း ခက်ခဲပေမဲ့ ဖေဖေ့ကြောင့် သမီး အောင်မြင်နိုင်ခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ် ဖေဖေ။ သူခိုး လို့ တသက်လုံး စွပ်စွဲခံ ခဲ့ရတဲ့ ဖေဖေ့ရဲ့ ဂုဏ်သိက္ခာတွေကို သမီး ပြန်ပြီး တည်ဆောက်ပေးပါရစေ။ သမီးကို စောင့်နေပါနော်။
ဖေဖေ့ကိုချစ်တဲ့

သမီး

သူမစာကိုခေါက်ပြီး စာအိတ်လေးအတွင်းသို့ ထည့်ကာစာတိုက်ပုံးဆီမှာ သွားထည့်လိုက်သည်။ အေးစိမ့်စွာ တိုးဝေ့လာသော လေအေးတွေကို နွေးထွေးသော ဖေဖေ့မေတ္တာရိပ်ဆီသို့ သူမ ပြန်လည် ခိုဝင်ရတော့မည့် အကြောင်းတွေးရင်း နှစ်သက်စွာ ခံယူလိုက်သည်။ သူမဘ၀အတွက် အရေးကြီးဆုံးသော လူသားမှာ သူမဖေဖေသာ ဖြစ်ပါသည်။
သူမ လိုချင်ခဲ့သော ဘ၀တစ်ခု ဖြစ်မြောက်လာဖို့ ပုခုံးတွေနှင့် ထမ်းတင်ခဲ့သော ဖေဖေ....။
သူမရဲ့ အိပ်မက်ပေါင်း များစွာကို ရွှေရောင်လင်းစေခဲ့သော ဖေဖေ........။
ဘ၀ တစ်ခုလုံးကို သူမအတွက်သာ မြုပ်နှံခဲ့သော....... ဖေဖေ။
အရာအားလုံးထက်..သူမကို ပိုချစ်ခဲ့ပါသော .......ဖေဖေ။
သူမနူးညံ့စွာ ပြုံးလိုက်သည်။ သူမ ဖေဖေ့ကို ထားခဲ့ပြီး ဘယ်သောအခါမှ အဝေးကြီး မသွားတော့ဖို့ ဆုံးဖြတ်လိုက်သည်။
သမီးတို့ မခွဲတော့ဘူးနော်...ဖေဖေ။

အနားမှ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ချစ်လှစွာသော ဖေဖေ့ကို ဂုဏ်ပြုလျှက်

ကျေးဇူးတင်စွာဖြင့်...
လွင့်

0 comments:

Newer Posts Older Posts Older Posts