Aug 31, 2011

ထိရှလွယ်တဲ့ မသိခြင်းငှက်ငယ်သို့

လမသာ၊ ကြယ်မရှိတဲ့ ညက အကျည်းတန်ခြင်း ကင်းလို့
သူ့စက်ဝိုင်း မှန်မှန်လှည့်ရင်း နံရံတစ်ဖက်ခြားဆီက
ရှိုက်သံတွေကို မထီမဲ့မြင်ပြုရင်း လေထန်ထန်တွေနဲ့
လောကကို ကျီစယ်နေလိုက်တာ....
စာနာမှုကင်း အပြစ်တင်ခြင်းကို ဥပေက္ခာပြုနေရင်းပေါ့...

မှောင်ရိပ်ထဲရောက် လမ်းပျောက်နေတဲ့
ငှက်ငယ်အဖို့ နွေးထွေးတဲ့ ခိုလုံရာ ရင်ခွင်တစ်ခု
ရှားပါးလှချည်လား..ဆိုတဲ့ အတွေးတစ်ခုပဲရသေးတယ်...
အဲဒီညက စနေမိုးတဲ့လေ...တစ်ညလုံးဆွေလို့
သည်းလို့ကောင်းနေလိုက်တာ
ညှာတာမှု ရှိရကောင်းမှန်း သူနားမလည်ရှာဘူး...
လူမသိ သူမသိ ဘဝတစ်ခု ရေစုန်မျှော လိုက်ဖို့
အားမလျှော့လိုက်ပါနဲ့ ငှက်ငယ်..
မနက်ဖြန်တော့ ရောင်နီလာနိုင်ကောင်းပါရဲ့လေ.....

ထိနာချက်ပြင်းလို့ ငါ့လမင်း ဘယ်ဆီမှာများ ပုန်းနေပါလိမ့်ရောလို့..
ဆီမိးခွက်နဲ့ " လ " ပျောက်ရှာတဲ့ အဲဒီည ...
ငါကိုယ်တိုင် ခွန်အားတွေ ချည့်နဲ့နေလည်း
ဇွဲလုံ့လနဲ့ မျှော်လင့်ခြင်းတွေ ပေါင်းစည်းလို့
ယဲ့ယဲ့လေးပဲ ဖြစ်နေပါစေ ....
လဲကျလည်း ပြန်ထမယ့် " ည " လိုလူသားအတွေးမျိုးနဲ့ပေါ့..

တစ်ဝုန်းဝုန်းနဲ့ ထန်နေတဲ့လှိုင်းတွေတောင်..
မြုပ်တစ်ချီ ပေါ်တစ်လှည့်နဲ့ ကမ်းကပ်နိုင်သေးရင်..
အတ္တတွေခြံရံ အသိစိတ်တွေ မွမ်းမံထားတဲ့
ဒီလူသားအတွက် အရာရာဟာ ခွန်အားပဲ ဖြစ်ပါစေသားလို့
ကောင်းကင်နဲ့ မြေပြင်၊ ပင်လယ်ပြင် ဗဟိုထား
ခပ်ကြွားကြွားမော့လို့ ကျဆင်းတဲ့ မျက်ရည်မြစ်
ကန္တာရ ပမာ ...ခြောက်သွေ့စေရမယ်....

လောကဓံတရား တွေကို ဘာသာပြန်ဖို့
သဘာဝ က မစဉ်းစားသလို
ကောင်းကင် ကလည်း အသိမှတ်မပြုပါဘူး...
မြေပြင် ကလည်း ဂရုမစိုက်ဘူး
ပင်လယ် ကလည်း အရာမသွင်းဘူး
သက်မဲ့တွေက မထိမဲ့မြင် ပြုနိုင်သလောက်.
လနှစ်ချောင်းငင် လူ တွေကတော့
ရီလိုက်၊ ပြုံးလိုက်၊ ဟားတိုက်လိုက်နဲ့
တစ်ခါတစ်ခါလည်း ငိုလည်းငိုရဲ့
တစ်ခါတစ်လေလည်း မဲ့ပြုံးတွေနဲ့
သေချာတာတော့ စာရေးနေတဲ့
ငါကိုယ်တိုင်လည်း
မျက်ရည်တွေနဲ့လေ......။

Angelhlaing

0 comments:

Newer Posts Older Posts Older Posts