Aug 28, 2011

တိမ် နှင့် လူ

ငယ်စဉ်က မကြာခဏပင် ကောင်းကင်သို့ ပျံတက်လိုသောစိတ် ဖြစ်ပေါ်ခဲ့ဖူးသည်။ အခြားဆန္ဒ ရှိလှသောကြောင့် မဟုတ်။ တိမ်ကို ကိုင်ကြည့်လိုမှု တစ်ခုကြောင့်ဖြစ်သည်။ အပြာနုရောင် မိုးပြင်မှာ ဆွတ်ဖြူသည့် တိမ်စိုင်တို့ ပွတ်ရှပ်မျောလွင့်နေပုံကို သစ်ပင်ခွကြားပေါ် တက်ထိုင်၍လည်းကောင်း၊ အိမ်ခေါင်မိုး သွပ်ပြားပေါ် ပက်လက်လန်လှဲ၍ လည်းကောင်း၊ တမက်တမော ကြည့်ဖူးသည်။ ဤဆွတ်ဖြူနုအိသည့် တိမ်တိုက်တို့ အပေါ်သာ ထိုင်လိုက်သွားရလျှင် ကြားဖူးသော ပုံပြင်တွေထဲက ကော်ဇောပျံစီးရတာမျိုးထက် သာလိမ့်မည်ဟု တွေးမိ၏။ ကလေးသာသာ လူပျိုပေါက်ဘဝ စိတ်ကူးနှင့် ထိုတိမ်တိုက်တို့ အထဲတွင် တိုးဝှေ့လူးလှိမ့်ချင်သည်။ ပျော်မြူးခုန်ပေါက် ချင်သည်။

သူငယ်ချင်းမိုးကျော်ဆီက ဆေးရောင်စုံ ရုပ်ပြစာအုပ်ထဲတွင် အတောင်ပေါက်နေသော လူများ၏ပုံကို တွေ့ရသော အခါ သူ တအံ့တသြ သဘောကျမိပြန်သည်။ ရုပ်ပြစာအုပ်ကို နိုင်ငံခြားမှ ပြန်လာသည့် မိုးကျော်အဖေ ယူလာခဲ့ခြင်း ဖြစ်သည်။ သူ့ဘဝတွင် တိမ်တွေအကြောင်းကို ပထမဆုံး ပြောနိုင်သူမှာလည်း မိုးကျော်ပင် ဖြစ်၏။ ကျောင်းပိတ်ရက်တွင် မိုးကျော်သည် သူ့ အဘိုးနှင့် အဘွားရှိရာ မန္တလေးသို့ လေယာဉ်ပျံဖြင့် သွားလည်ခဲ့သည်။

“တို့စီးတဲ့ လေယာဉ်ပျံက တိမ်တွေထဲကို ဖောက်ဝင်သွားတယ်”

သူ ရင်တွေ ခုန်နေသည်။ သူတို့အထဲတွင် မိုးကျော်သည် တိမ်တွေထဲသို့ ဦးဆုံးရောက်ခဲ့သော သူရဲကောင်း ဖြစ်သည်။

“မင်း အဲဒီတိမ်တွေကို ကိုင်မကြည့်ခဲ့ဘူးလား”

သူ့မေးခွန်းကို ကြားသောအခါ မိုးကျော်က အားရပါးရ ရယ်၏။ သူက လေယာဉ်ပျံ၏ ပြတင်းပေါက်များသည် ဘတ်စ်ကားပြတင်းပေါက်များလို ဖွင့်ရပိတ်ရ လွယ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။

“တိမ်ဆိုတာ မီးခိုးလိုပါပဲကွာ”

မိုးကျော်သည် တိမ်များကို စိတ်ဝင်စားသူ မဟုတ်ချေ။ သူ့မိဘများသည် ချမ်းသာသော အရာရှိများဖြစ်သည်။ သူ့ ဆီတွင် နိုင်ငံခြားဖြစ် ကစားစရာများ၊ နိုင်ငံခြားဖြစ် ဆေးရောင်စုံ ရုပ်ပြစာအုပ်များ များစွာရှိသည်။ မိုးကျော်သည် တိမ်များကို သာမဟုတ် ဘာကိုမျှ စိတ်ဝင်စားသူ မဟုတ်ချေ။ နောက်ဆုံး သူ့ကို စိတ်ဝင်စားနေသည်ဆိုသော အလှဆုံးဖြစ်သည့် ဖြူဖြူ လွင်ကိုပင် စိတ်ဝင်စားသူ မဟုတ်ချေ။

“မင်းကြီးလာရင် ဘာလုပ်မလဲ” ဟု မိုးကျော် ကို မေးလျှင်...

“ဘာမှ မလုပ်ဘူး” ဟု ဖြေတတ်သူသာ ဖြစ်သည်။

သူ ကတော့ ရည်ရွယ်ချက် ထားခဲ့ရသည်။ သူတို့ဘဝက နိမ့်ကျသည်။ သူတို့အဖေ၏ အဖေများဘဝကလည်း နိမ့်ကျ ခဲ့သည်။ အဖေက အထက်တန်းစာရေး၊ မောင်နှမလေးဦးထဲတွင် သူက အကြီးဆုံး။ ကန်စွန်းရွက်ကြော်နှင့် ပဲဟင်းကို တစ်လှည့်စီ စားနေရသောဘဝမှ တစ်နေ့ကျွတ်လွတ်မည်ဟု သူ အားခဲမျှော်မှန်းခဲ့သည်။ သူ ပညာတတ်အောင် သင်မည်။ သူသည် အတန်းထဲတွင် အဆင့်သုံးထက် လျော့ရလေ့မရှိခဲ့။ ဆေးတက္ကသိုလ်ဝင်ခွင့်ရအောင် ကြိုးစားမည်။

အဖေက “မင်းသာကြိုးစား ငါတို့ ငါးပိရည်နဲ့ စားပြီး ထားပေးမယ်” ဟု ပြော၏။ သူ အောင်မြင်သော ဆရာဝန်တစ်ယောက် ဖြစ်ရမည်။ သူတို့ ငှားရမ်းနေကြသည့် ဤပိတ်မှောင်မွန်းကျပ်နံဟောင်သော အခန်းကျဉ်းကလေးထဲမှ သူ့မိသားစုကို (မိုးကျော်တို့လို လှပသော နှစ်ထပ်တိုက် တစ်လုံးမဟုတ်တောင်မှ) ယခုထက်ပို၍ သက်သောင့်သက်သာ ရှိသော အိမ်ကလေးတစ်လုံးဆီသို့ ခေါ်ဆောင်သွားချင်သည်။ ထိုအိမ်သည် အလင်းရောင်နှင့် လေ ကောင်းစွာ ရရုံမက တိမ်များကို လွတ်လွတ်လပ်လပ် ကြည့်မြင်နိုင်သော ပြတင်းပေါက်လည်း ရှိရမည်။

နေဝင်လုနီးတွင် မျှော်လင့်ချက်တိမ်တောင်များ ရွှေရောင်တောက်ပ နေခဲ့သည်။ ရုတ်တရက် ထွက်ပေါ်လာသော အဖေ၏ ချောင်းဆိုးသံက တိမ်များကို လွင့်ရှဲသွားစေခဲ့သည်။ အဆုတ်ရောဂါဟု သိရ၏။ သွေးစစင်သော တိမ်များမှာ ရုတ်ခြည်း နီပုပ်၍ သွားလေသည်။

အဖေဆေးပင်စင် ယူရသည်။ သူဆယ်တန်းကို အပြင်မှ ဖြေသည်။ ကံကောင်းထောက်မသဖြင့် အောက်တန်းစာရေးလေး တစ်နေရာရ၏။ ကျောင်းနေဆဲ သူ့အောက်မှ ကလေးများ ပညာသင်ကြားရေး ဖရိုဖရဲ မဖြစ်အောင် မနည်း စီမံရသည်။ အဖေ့အလုပ်ထဲမှ ရသောစုငွေဖြင့် အမေက အိမ်ဆိုင်ကလေး ဖွင့်၏။ သူတို့အခန်းမှာ ပိတ်မှောင်မွန်းကျပ် နံဟောင်မြဲ ဖြစ်သည်။ သူလည်း တိမ်တွေကို မေ့လျော့သွား၏။

ကျောင်းနေစဉ်က ကိုယ့်ဘက်ကရာနှုန်းပြည့် သေချာစွာ သူနှင့်မှ အိမ်ထောင်ပြုမည်ဟု ကျိတ်ရည်မှန်းထားခဲ့သော တဖက်သတ်ချစ်သူနှင့်လည်း ဝမ်းနည်းဖွယ် အေးစက်လွင့်ဝေးခဲ့ရလေပြီ။ တခါတရံ လမ်းဘေးမှာ ဘရာကြော်သုတ် ထိုင်စား နေစဉ် ဖြတ်သန်းသွားသော ကားပေါ်၌ သူပါသွားသည်ကို လျှပ်ပြက်သလို မြင်လိုက်ရခြင်းမျိုးကလွဲ၍ ကြုံကြိုက်ခွင့်မသာ တော့ပြီဖြစ်၏။ ရင်ထဲက နှလုံးလှုပ်ခုန်ပူနွေးစက သူ တမေ့တမော ကြည့်ခဲ့ဖူးသော တိမ်ကလေးတစ်စိုင်ပဲ ဆိုပါစို့။ အခုတော့ ရုံးချိန်မီရန် ခပ်သုတ်သုတ် သွားနေရသောအခါ ခလုတ်တိုက်မလဲအောင် မြေကြီးကိုသာ ငုံ့ကြည့်နေရတော့၏။ သို့ဖြင့် ညိုညို နှင့်တွေခဲ့သည်။

ညိုညိုသည် သူနှင့်တစ်ဌာနတည်းမှာ လုပ်ကိုင်နေသော အကူစာရေးမလေး ဖြစ်သည်။ ညိုညိုသည် ပြုံးလိုက်လျှင် အနည်းငယ် ချစ်စရာကောင်းသည်ကလွဲ၍ သာမန်အရပ်သူ ရုပ်ရည်ရှိသူသာ ဖြစ်သည်။ သူတို့လိုပင် ညိုညိုတို့ သည်လည်း နိမ့်ကျသည်။ သူတို့လိုပင် ညိုညိုတို့သည်လည်း ပိတ်မှောင်မွန်းကျပ် နံဟောင်သော အခန်းကျဉ်းတစ်ခန်းကို ငှားရမ်းကာ နေထိုင်ကြသည်။ ညိုညိုနှင့်သူသည် စာပေးစာယူ အနီးကပ်သင်တန်းကို အတူတူတက်ရင်းက ချစ်သူများဘဝသို့ ရောက်သွား ကြ၏။ ထူးခြားသည်မှာ ညိုညိုသည်လည်း သူ့ကဲ့သို့ပင် ငယ်စဉ်က တိမ်များကို ကြည့်ကာတမေ့တမော ရှိခဲ့ဖူးသူဟု ဆို၏။ ယခုတော့ ထိုအကြောင်းကို ပြန်ပြောကာ သူတို့ ပြိုင်တူ ရယ်မောကြသည်။

”ကျွန်တော်ကတော့ ကြီးလာရင် ဆရာဝန်လုပ်မယ်” ဟု ပညာချွန်သည့် ရှစ်တန်းကျောင်းသား သူ့ညီအငယ်ဆုံး၏ စကားကို ကြားသောအခါ သူမရယ်နိုင်တော့ပါ။ သူ့ညီ ခေါင်းထဲမှ ရွှေရောင်တိမ်တိုက်တစ်ခုကို သူမမြင်သော်လည်း သိနေမိသည်။ အဖေဆုံးသွားခဲ့ပြီ။ ငယ်စဉ်က ကျောင်းအုပ်ဆရာ မကြီးလုပ်မယ်ဟု ပြောခဲ့ဖူးသော သူ့ညီမမှာ ဂုန်နီစက်ရုံတွင် အလုပ်သမဖြစ်နေ၏။ အမေ့ဈေးဆိုင် ပြုတ်သွားခဲ့သည်။ သူတို့ အခန်းကျဉ်းကလေးထဲမှာ ပိတ်မှောင်မွန်းကျပ် နံဟောင်မြဲ ဖြစ်၏။ အမေက ချောင်းဆိုးပြန်သည်။

အမေ့အတွက် မြို့ထဲမှာ ဆေးရှာဝယ်နေစဉ် မတွေ့တာကြာပြီဖြစ်သော မိုးကျော်နှင့်တွေ့သည်။ သူတို့မတွေ့ဖြစ်သည် မှာ ခုနစ်နှစ်ခန့် ရှိပြီ။ မိုးကျော်သည် တောင်တန်းဒေသတစ်ခုတွင် အရာရှိကြီးတစ်ဦး ဖြစ်နေလေသည်။

“ငါလက်ထပ်တာရော သိလား”

သူ ခေါင်းညိတ်ပြလိုက်၏။ မိုးကျော်နှင့် ဖြူဖြူလွင်တို့ အင်းလျားလိတ်ဟိုတယ်တွင် လက်ထပ်ကြသည့် သတင်းကို လွန်ခဲ့သော သုံးနှစ်ခန့်က သတင်းစာထဲတွင် သူ ဖတ်လိုက်ရ၏။ ထိုနေ့က သူ အနည်းငယ် ဝမ်းနည်းမိကြောင်း ဝန်ခံရပေမည် ။ ဖြူဖြူလွင်ဆိုသည်မှာ သူ ကျောင်းနေစဉ်က တဖက်သတ် ခိုးချစ်ခဲ့ဖူးသူ ဖြစ်၏။ သူတို့ကို နှစ်ဖက်မိဘက ပေးစားတာ ဟု ဆိုသည်။

“မင်းရော”

သူ က ခေါင်းခါပြ၏။ ညိုညိုနှင့်သူသည် ယနေ့ထက်တိုင် လက်မထပ်ဖြစ်ကြသေးချေ။ မကြာခင်က အထက်တန်းစာ ရေးရာထူးအတွက် ရုံးတွင်းစာမေးပွဲကို သူ ဖြေထားခဲ့၏။ စောင့်စားမျှော်လင့်နေသလို အောင်စာရင်းထဲတွင် သူ့နာမည် ပါလာခဲ့လျှင် သူနှင့်ညိုညိုတို့ နှစ်ယောက်တည်းနေထိုင်ရန် အလိုရှိ နေသည့် နောက်ထပ် မွန်းကျပ်နံဟောင်သော အခန်းကျဉ်း ကလေးတစ်ခန်း ငှားရမ်းရန်ကိစ္စမှာ ယခုထက်ပို၍ နီးစပ်သွားနိုင်ပေလိမ့်မည်။

“မင်းကိုငါ သတိရတာ တစ်ခုရှိတယ်”

“ဘာလဲ” ဟု သူကမေး၏။

“တို့ဆီမှာ ပြတင်းပေါက်တံခါးကို ဖွင့်ရင် တိမ်တွေက အိမ်ထဲဝင်လာတယ်ကွ”

ငေးငိုင်နေသော သူ့ကို နှုတ်ဆက်၍ မိုးကျော်ထွက်သွားသောအခါ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာလေသည်။ မိုးကျော်တို့အရပ်တွင် တောင်တို့သည်ပင် မြင့်လွန်းနေသလား၊ တိမ်တို့သည်ပင် နိမ့်လွန်းနေလေသလား။

သစ္စာနီ ဒဂုန်(ဖေဖော်ဝါရီ၊ ၈၆)

0 comments:

Newer Posts Older Posts Older Posts