Sep 1, 2011

စာအုပ် နှင့် လူ

သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ ၍ဖြီး သင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့်အရေးအ ကြောင်းအတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိနေတတ်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေလေပြီ။သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။

အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့်ပျယ်စပြုနေ သော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူဝတ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါးကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိနေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ဝင်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှား ရှားဖြစ်သွားကြစမြဲပင်။

သူ့အမည်မှာ ဦးဘအိုဖြစ်သည်။ သို့သော် သူ့အမည်ကို ပန်းဆိုတန်းလမ်းထဲရှိ ဘယ်စာအုပ်သည်ကမှ မသိ။ အားလုံးက တညီတညွှတ်တည်း “ဆရာကြီး” ဟုသာ ရိုသေစွာခေါ်ဝေါ်ဆက်ဆံလေ့ရှိကြသည်။ သူတို့အားလုံးက ဤလူကြီးသည် တက္ကသိုလ်တစ်ခုခုမှ အငြိမ်းစားပါမောက္ခအိုကြီးတစ်ယောက် သို့မဟုတ် စီးပွားပျက်သွားရှာသော စာပေမြတ်နိုးသည့် သူဌေးဟောင်းကြီးတစ် ယောက်ဖြစ် မည်ဟုသာ အတွေးကိုယ်စီနှင့် လက်ခံထားကြ၏။ သူဘယ်မှာနေသည်။
သူ့မိသားစု ရှိမရှိဆိုတာ ဘဝဇာတ်ကြောင်းကို မည်သူကမှမသိ။ သူတို့သိသည်က ဦးဘအို၏ လွယ်အိတ်ထဲတွင် အဖိုးတန်ရှားပါးသော စာအုပ်များ ပါလာတတ် သည်ဆိုသော အချက်သာဖြစ်၏။

ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း တစ်ဝိုက်သည် စာအုပ်ဟောင်းရောင်း ဝယ်သူများ၊ စာကြမ်းပိုးများ လေ့လာကျက်စားရာ ဒေသဖြစ်၏။ ထိုတစ်ဝိုက်က စာအုပ်သည်များသည် စာအုပ်ရောင်းလည်းရောင်း၏။ ဝယ်လည်းဝယ်၏။ ဦးဘအိုသည် သူတို့၏ ဖောက်သည်တစ်ဦးဖြစ်၏။ အဝယ်သမားဖောက် သည်မဟုတ် အရောင်းသမားဖောက်သည် ဖြစ်သည်။

အနှစ်နှစ်အလလက စုဆောင်းထားသမျှကို အကြောင်းအမျိုးမျိုးကြောင့် လာရောင်းကြသူတွေ လက်ထဲဝယ် အင်္ဂလိပ် မြန်မာစာအုပ်ကောင်းများ ပါလာတက်၏။ အင်မတန်ချိုသာသော ဈေးနှုန်းဖြင့် ဝယ်ယူရသော စာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ခနဲ အမြတ်ရလေ့ရှိသည်။ အခုတလော အထူးသဖြင့် အင်္ဂလိပ်လိုရေးထားသော ကမ္ဘာ့ဂန္တဝင်စာအုပ်များမှာ အဝယ် လိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အစိုးရစာအုပ်များမှာ နှစ်ကျပ်ခွဲ သုံးကျပ်နှင့် ဝယ်ခဲ့ရသော စာအုပ်များမှာ ယခုဈေးကွက်တွင် နှစ်ဆယ်၊ အစိပ်ဖြစ် နေသည်။ ကမူး၊ ဆတ်၊ ဂျွိုက်၊ ကပ်ဖကာ စသူတို့၏ စာအုပ်ဆိုလျှင် ထို့ထက်ဈေး ခေါ်ရ၏။ လေးငါးဆယ်ဆိုလည်း ဝယ်မည့်သူ မနည်း။

စာရူးပေရူးကလေးများသည် ထိုဆိုင်များရှိရာသို့ ချောင်းပေါက်မတက် ရောက်လာကာ ကမ္ဘာ့ဂန္တာဝင်တွင် ဖတ်ရခက်ခဲသည်ဆိုသော နာမည်ကြီးပေ့ဆိုသော၊ အနုပညာမြောက်လှသည်ဆိုသော စာအုပ်များကို ကြားဖူးနားဝလောက်ဖြင့် တဖွဖွ မေးကြဝယ်ကြသည်။ ထိုစာရူးပေရူးလေးများထဲတွင် တက္ကသိုလ်မှ ဆရာပေါက်စလေးများ၊ ကိုယ့်ကို ကမ္ဘာ့စာပေးနှင့် အကျွမ်းတဝင်ရှိသည်ဟု အထင်ခံချင်နေရှာသော ပိုက်ဆံရှိသားသမီးများ၊ စာရေးဆရာ ကဗျာဆရာပေါက်စကလေးများ စသဖြင့် လူစုံပါ၏။ ထိုအထဲမှ အတော်များများ မှာ စာအုပ်နာမည်လောက်ပင် အတော်ကြိုးစားဖတ်ရမည့်သူတွေ ဖြစ်သည်။ သို့ သော် ဟန်လုပ်ကာ အလုအယက်ဝယ်ကြသည်။ မဂ္ဂဇင်းတစ်စောင်မှာ ဂျိမ်းဂျွိုက် ကြောင်းပါလာလျှင် ဂျိမ်းဂျွိုက်စာအုပ် လာမေး၏။ သောမတ်မန်းအကြောင်းပါလာလျှင် သောမတ်မန်းစာအုပ်ကို လာမေး၏။ ဗာဂျီးနီယားဝုဖ်အကြောင်းပါလာလျှင်၊ ကပ်ဖကာအကြောင်းပါလာလျှင် မြန်မာလိုဆောင်းပါးကို ဖတ်ကာ အဲဒီစာအုပ် တွေ မရှိဘူးလားဟု အင်္ဂလိပ်လိုစာအုပ်ကို သူတို့ လာမေးတတ်ကြ၏။

စာအုပ်သည်များအဖို့ ထိုလူစုမှာ အမြတ်အစွန်းကြီးကြီးရနိုင်သော ပုံသေဖောက်သည်များဖြစ်၏။ ထို ချည်ပြီးတုတ်ပြီး ဝယ်သူများကို အရှည်သဖြင့် ဆွဲဆောင်ထားနိုင်ရန်အတွက် သူတို့စာအုပ်များကို ကြိုးစားရှာဖွေကြရသည်။ စာအုပ်ကောင်းများကလည်း ရှားပါးတန်သလောက် ရှားပါးနေ၏။ ထိုအခြေအနေ မျိုးတွင် ဦးဘအိုမှာ သူတို့အတွက် တန်ဖိုးရှိလှသော အထောက်အပံ့ကောင်းကြီး တစ်ယောက် ဖြစ်နေလေသည်။

ထိုကြောင့် ဦးဘအို ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း စာအုပ်တန်းဘက် ကို ရောက်လာလျှင် အားလုံးလိုလိုက ပျုပျုငှာငှာ ကြိုဆိုလေ့ရှိကြ၏။ ဦးဘအို လာတိုင်းလည်း သူလွယ်လာသည့် လွယ်အိတ်ကြီးနှင့် တစ်လုံးစာအုပ်ကောင်း များ အပြည့်အသိပ်ပါလာတက်၏။ မြန်မာစာအုပ်များမဟုတ် တန်ဖိုးရှိ အင်္ဂလိပ် စာအုပ်များဖြစ်သည်။

ဒီနေ့လည်း ဦးဘအိုသည် သူ့ဆီမှ စာအုပ်ဝယ်နေကျ ပန်းဆိုးတန်းက ကိုတင်အိ ဆိုင်မှာ ရောက်နေ၏။ ကိုတင်အိဆိုသူက ဈေးနှိပ်ပေးလေ့မရှိ။ အရောင်း အဝယ်ဖြစ်ပြီးလျှင် လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးသည်။ သူ နှင့် လူချင်းလည်း အတန်အသင့် ရင်းနှီးနေ၏။ ဦးဘအို လွယ်အိတ်အနက်ကြီးထဲ မှ စာအုပ်များကို ကိုတင်အိက အပြင်မှာ တစ်အုပ်ချင်းထုတ်ကာ ပုံရင်း... က

“ဂျွန်ကိ၊ ရှယ်လီ၊ ဝီလျံဘလိတ်၊ ဒီအပတ် ဆရာကြီးစာအုပ်တွေက ရိုမန် တစ် ကဗျာစာအုပ်တွေချည်းပါလား၊ ကဗျာစာအုပ်ဆိုရင်လည်း ဟိုတစ်ခေါက်က လိုရစ်ချက်ဝက်ဘာ၊ ရောဘတ်လိုဝယ်တို့၊ ပရဲဗတ်တို့လို မော်ဒန်ဆရာတွေဟာ ယူလာပါ၊ ဒါက ဒစ်ကင်း ဒါက ရောဘတ်ဖရော့၊ ဟာ...သောမတ်ဟာဒီ ဝတ္ထုတွေ တော်တော်များပါလား၊ ပါးလ်အက်စ်ဘတ် စာအုပ်တွေလဲ ပါတယ်။ သူတို့က လူသိပ်မဖတ်တော့ဘူး ဆရာကြီးရဲ့ ခေတ်ကုန်နေပြီ။”

ဦးဘအိုက ကိုတင်အိပြောသမျှ ခေါင်းသာညိတ်ပြ၏။ ထောက်ခံသည့် သဘောဖြင့်တော့ ဟုတ်ဟန်မတူ။ သူခေါင်းညိတ်နေပုံက “လောကကြီးအကြောင်း အလုံးစုံငါသိပါတယ်” ဆိုသည့် ပညာရှိကြီးတစ်ဦး တစ်ကိုယ်တည်းနှလုံးသွင်းနေပုံနှင့်သာ တူ၏။

“တော်သေးတယ် ဆရာကြီးရေ၊ ကမူးရဲ့ အောက်ဆိုက်ဒါ စာအုပ် ကလေးရယ်၊ နာဘိုကော့ဗ်နဲ့ ဆောဘဲလ်ဘိုးရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ် ကလေးတွေရယ် ပါလာပေလို့၊ ဂျက်ကာရိုယက်၊ သောမတ်ပင်ချွန်း၊ စူဆန်ဆွန်တက်၊ ဒါက ဂျွိုက်စ်ကာရိုးအုတ်၊ သူတို့စာအုပ်အကြောင်းတော့ ကျွန်တော်လဲ ကောင်းကောင်းမသိဘူး ”

ဦးဘအိုက ခေါင်းညိတ်ပြန်၏။ ဒီအဘိုးကြီးက စကားနည်းသည်။ ပညာရှိ ဆိုတာ မတီးလျှင် မမြည်တဲ့စည်နဲ့တူတယ်ဆိုတဲ့ စကားရှိသားပဲ။ တစ်လကို နှစ်ခေါက်သုံးခေါက် ထိုလူကြီး သူတို့ဆီိကို စာအုပ်တွေ လာရောင်းနေခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ။ သူရောင်းပြီးခဲ့သည့် စာအုပ်များကို ရေတွက်ကြည့်မည် ဆိုလျှင်တောင် အရေအတွက်အားဖြင့် နည်းမည်မဟုတ်တော့။ နောက်ရောင်းဖို့ အများကြီး ကျန်သေးတယ်ဟု ပြောဖူးသေး၏။ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်မှတ်လေ့လာထားခဲ့ပြီးပြီဆိုတော့လည်း ဆရာကြီး ဤမျှတည်ငြိမ်မှုရှိနေ သည်ကို ဆန်းသည်ဟု မဆိုသာ။ တစ်ခါတလေ သူတို့က စာအုပ်တွေအကြောင်း ပြောလျှင်လည်း အပြုံးဖြင့်သာ နားထောင်နေတက်သည်။ အပြန်အလှန် လက်ခံ ဆွေးနွေးရလောက်အောင် သူတို့မှာ အရည်အချင်းမရှိဟု ယူဆလေသလားမသိ။

“ဆရာကြီး၊ သောမတ်မန်းရဲ့ မက်ဂျစ်မောင်းတိန်း မရှိဘူးလား၊ ဒီဘိုးဗွား ရဲ့ အောဆက်အင်ဒန်း ရော၊ ဆင်ကလဲလွီ စာအုပ်တွေရောပေါ့၊ ယူလာခဲ့ပါ၊ အထူးသဖြင့် ကပ်ဖကာရဲ့ ရဲတိုက် စာအုပ်ရှိရင် လိုချင်တယ်။ ဈေးကောင်းရမယ် ဆရာကြီး၊ အဲဒီစာအုပ်ကိုတော့ ကျွန်တော့်ကို အော်ဒါမှာထားတာပဲ သုံးလေးဦးရှိတယ်”
ဦးဘအိုက ခေါင်းညိတ်ပြန်သည်။

ဦးဘအို အိမ်ပြန်ရောက်တော့ မောမောဖြင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ချ သည်။ အိမ်က ထွက်သွားစဉ်က စာအုပ်များဖြင့် ပြည့်နေသော လွယ်အိတ်ကြီးမှာ အိမ်ကို ပြန်လာတော့ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်တို့ဖြင့်ပြည့်လာ၏။

သူ့အိမ်က ဆယ်မိုင်ကုန်းမှာရှိသည်။ ဓနိမိုး ထရံကာအိမ် ခပ်သေးသေး သာ ဖြစ်သည်။ အိမ်ပေါ်မှာ တန်ဖိုးကြီးသော ပရိဘောဂဟူ၍ မရှိ၊ ဖရိုဖရဲဖြစ်နေ သော စာအုပ်ပုံကြီးတစ်ပုံတော့ရှိ၏။

စာအုပ်ကြီးကိုမြင်တော့ ကွယ်လွန်သူ သူ့ဆရာကြီး ဦးအောင်ဆက်ကို ဦးဘအို သတိရလာသည်။ ဦးအောင်ဆက်သည် ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှ ပါမောက္ခကြီးတစ်ဦးဖြစ်သည်။ သူ့ဘဝကို စာပေလေ့လာခြင်း၌သာ ထာဝရ မြှပ်နှံထားခဲ့သော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဦးအောင်ဆက် တာဝန်ထမ်းဆောင် နေစဉ်ကတော့ တက္ကသိုလ်ကပေးသော အိမ်တစ်ဆောင်တွင်နေ၏။ ဆွေမရှိမျိုးမ ရှိ တစ်ကောင်ကြွက်ဖြစ်သော ဦးအောင်ဆက်အဖို့ အိမ်ထောင်ထိန်းသိမ်းရန် လူ တစ်ဦးလိုနေသည်။ ထမင်းချက်၊ အဝတ်လျှော်ကအစ တာဝန်ယူနိုင်မည့်သူဖြစ်ရ မည်။ သို့သော် သူက လူလွတ်တစ်ဦးဆိုတော့ မိန်းမအဖော်နှင့်လည်း မသင့် တော်ပြန်ချေ။ သို့ဖြင့် မိတ်ဆွေတစ်ယောက်၏ ဆက်စပ်ပေးမှုနှင့် သူ့ဆီကို ဦးဘအို ရောက်လာသည်။

ဦးဘအိုကလည်း တောက တက်လာသော တစ်ကောင်ကြွက်တစ် ယောက်ဖြစ်၏။ တခြားအလုပ် မရခင်စပ်ကြား ခဏခိုနားမည်ဆိုသော ရည်ရွယ် ချက်ဖြင့် ဦးအောင်ဆက်ထံရောက်ခဲ့သော ဦးဘအိုမှာ မထင်မှတ်ဘဲ အနှစ်လေးဆယ်ကျော် ဦးအောင်ဆက် သေဆုံးချိန်အထိ အတူနေဖြစ်ခဲ့လေ တော့သည်။

တက္ကသိုလ်ကျောင်းတော်ကြီးမှ ဦးအောင်ဆက် အငြိမ်းစားယူသောအခါ သူ တို့ဆရာတပည့်နှစ်ဦး ဤဆယ်မိုင်ကုန်းမှာ အိမ်ကလေးတစ်လုံးဆောက်၍ ပြောင်းရွှေ့နေကြသည်။ ဦးအောင်ဆက်၏ အငြိမ်းစားလစာငွေမှာ အသုံးအဖြုန်း မရှိသော ဆရာတပည့်နှစ်ယောက်၏ စားဝတ်နေရေးအမှုအတွက် ဖူလုံ၏။ ဦးအောင်ဆက်မှာ စုဆောင်းပြီး ငွေကြေးဟူ၍ မည်မည်ရရမရှိ။ တစ်သက်လုံး သူ ရခဲ့သမျှမှာ စာအုပ်ဝယ်ခြမ်းဖြင့် ကုန်ခမ်းခဲ့သည်။ သူချမ်းသာသမျှမှာလည်း စာအုပ်များသာ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကတော့ ဦးဘအိုထက် ဆယ်နှစ်ကြီးသော ဦးအောင်ဆက် သေဆုံးသွားလေသည်။ သူ့အတွက် ဦးအောင်ဆက်ချန်ရစ်ခဲ့ သော အမွေပစ္စည်းမှာ များမြောင်လှစွာသော စာအုပ်များသာဖြစ်၏။

လက်ထဲမှာရှိသမျှ ငွေကြေးကလေး ကုန်ခန်းသွားသောအခါ အိုမင်းမစွမ်းရှိ ပြီဖြစ်သော ဦးဘအိုသည် စားဝတ်နေရေးအခက်အခဲ ကြုံလာသည်။ ယခုလို အခါမျိုးတွင် သူ့ ၌လုပ်ကိုင်စားနိုင်သော ခွန်အားလည်း မရှိတော့။ ရောင်းချစား စရာ ငွေကြေးလည်း မရှိ။ သို့ဖြင့် တစ်နေ့ ပန်းဆိုးတန်းဘက်ရောက်ခိုက် အင်္ဂလိပ်စာအုပ်များရောင်းနေသော စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ “ဒီလိုစာအုပ် တွေ ရောင်းရင် ဝယ်သလား” ဟုမေးမိ၏။ ဆိုင်ရှင်က “ယူခဲ့ပါ ဆရာကြီး ကျွန်တော်ကြည့်ပေးပါမယ်” ဟု ဆိုသည်။

သည်လှိုနှင့် နောက်နေ့တွင် စာအုပ်များကို လွယ်အိတ်တစ်လုံးနှင့် ထည့် ယူလာကာ သြူုပ၏။ ဆိုင်ရှင်က ဝမ်းသာအားရဝယ်၏။ ဆိုင်ရှင်ထံမှ သူဘယ်လိုမှ ထင်မှတ်မထားသော ငွေကြေးကို ရသဖြင့် ဦးဘအို အံ့အားပင်သင့်နေသည်။ သူ ယူလာသော စာအုပ်နှစ်ဆယ်ကို တစ်အုပ်ငါးကျပ်နှုန်းဖြင့် ရှင်းပေး၏။ တစ်ကြိမ် က သူပိုက်ဆံပြတ်ခိုက် ရပ်ကွက်ထဲတွင် စက္ကူလည်ဝယ်သည့် သူတစ်ဦးကို ခေါ် ရောင်းဖူး၏။ တစ်ပိသာ သုံးကျပ်ခွဲပဲရခဲ့သည်။ ဆိုင်ရှင်က နောက်ရှိရင်လည်း ယူလာခဲ့ပါဦးဟု မှာသည်။ သို့ဖြင့် ဦးဘအိုသည် ဈေးသုံးလိုတိုင်း ပန်းဆိုးတန်းကို လွယ်အိတ်တစ်လုံးနှင့်ရောက်လာကာ စာအုပ်ရောင်းသူဖြစ်လာသည်။ သို့သော် တစ်လကို နှစ်ကြိမ်သုံးကြိမ်ထက် သူပိုမရောင်း။ သူ့မှာ ဒီထက်ငွေပို မလိုသော ကြောင့် ဖြစ်သည်။

အခုတော့ သူ့ဆရာပေးခဲ့သော အမွေအနှစ်များဖြင့် သူကြီးပွားနေသည်ဟု ဆိုနိုင်သည်။ စာအုပ်များသာမက သူ့ဆရာကျန်ခဲ့သည့် အဝတ်အစားအဟောင်း များမှာလည်း သူ့အဝတ်အစားဖြစ်ခဲ့သည်။ တိုက်ပုံအင်္ကျီကတော့ သူနှင့် နည်း နည်းပွနေသည်။ သို့သော် ဝတ်ဖို့ပြင်မနေနိုင်။ ပြီးတော့ သူ့ဆရာကျန်ခဲ့သည့် မျက်မှန်။ မျက်မှန်က အိုဟောင်းနေသော်လည်း သူ့အတွက် စပါးလုံးရွေးရာတွင် ကောင်းကောင်း အသုံးဝင်နေသေ၏။ စာအုပ်စင်များကိုတော့ သူခွဲခြမ်းကာ ထင်း စိုက်ပစ်ခဲ့သည်။ သူက ပါမောက္ခတစ်ယောက်မှ မဟုတ်တာ။ ခမ်းခမ်းနားနား စာအုပ်စင်တွေ ဘာတွေလည်း မလိုလှပါဘူးဟု တွေးမိသည်။ စာအုပ်တွေကို ခုလို ကြမ်းပြင်ပေါ်တွင် စုပုံထားလည်း ရတာပဲဟာ။

စာအုပ်များမှာ အစီအရီရော ဖရိုဖရဲပါ အပြိုပြိုအလဲလဲကျ ထွေးသီထပ် တင်နေသည်။ ကမူး၏ ပလိပ် ဝတ္ထုစာအုပ်မှာ ကြွက်ကိုက်ထားသဖြင့် စုတ်ပြတ်နေ၏။ တော်စတွိုင်း၏ အင်ညာကရီနီနာ ခြေရင်းတွင် ဂျိုးဇက်ကွန်းရဒ်၏ လာ့ဒ်ဂျင် လဲကျနေသည်။ အရင်းကျမ်းမှာ ခြများစားလျက်ရှိသည်။ ဟင်နရီဂျိမ်း၏ ချိုးငှက် အတောင်ပံများမှာ ဂျက်လန်ဒန်၏ သံဖနောင့်အောက် ရောက်နေ၏။ မားကွပ်၏ အထီးကျန်နှစ်တရာမှာ ပင့်ကူမျှင်များ ငြိတွယ်နေ၏။ ရုဖ်အယ့်လီဆင်၏ ကိုယ်ပျောက်သူမှာ ပိုးဟတ်ချေးများ စွန်းကွက်နေသည်။ ဗာဂျီးနီးယားဝုဒ်၏ လှိုင်းများအပေါ်တွင် ဂျိမ်းဂျွိုက်၏ ယူလီစီးရောက်နေ၏။ ဒီအိတ်ခ်ျလောရင်၏ လေဒီချက်တာလီချစ်သူမှာ မျက်နှာဖုံးမရှိတော့။ ကဝါဘာတား၏ နှင်းပွင့်တိုင်း ပြည်မှာ ဖုန်အလိမ်းလိမ်းတင်နေသည်။ နှုတ်ခမ်းမွှေး တထောင်ထောင်နှင့် ပိုးဟပ် တစ်ချို့က စာအုပ်ပုံထဲမှ ထွက်လာကာ ဦးဘအိုကိုငေးကြည့်ကြ၏။ ထိုအထဲမှ တစ်ကောင်ကို ဦးဘအိုက ချစ်စနိုးဖြင့် ကောက်ယူလိုက်ကာ “မင်းတို့လဲ စာအုပ်တွေကို စားပြီး အသက်ရှင်နေရတဲ့ကောင်တွေ၊ ငါနဲ့ ဘဝတူပေါ့ကွာ” ဟု ဆိုသည်။ ဦးဘအိုသည် ထိုအကောင်များကို မောင်းပစ်လေ့မရှိချေ။

မှောင်စပျိုးပြီ ဖြစ်သဖြင့် ဦးဘအို မီးအိမ်ကို ထွန်းညှိနေဆဲမှာ တိုက်ခတ်လိုက်သော လေအေးတစ်ချက်က စုတ်ပြဲနေသော ဝါးထရံပေါက်မှ တိုး ဝှေ့စိမ့်ယိုဝင်လာ၏။ ဤထရံကို သူ အသစ်ပြန်မလဲနိုင်သေးခင် လေလုံအောင် ထရံအပေါက်များကို စက္ကူနှင့်ကပ်ကာ ပိတ်ဖို့ကိစ္စကို သတိရလာ၏။ ထို့ကြောင့် စာအုပ်ပုံထဲက လက်လှမ်းမီရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ စာရွက်များကို တစ်ရွက်စီဖြုတ်၍ ထမင်းလုံးကော်နှင့် သုတ်ရင်း ထရံမှာ ကပ်နေမိ၏။

ထိုကဲ့သို့ သူဆုတ်ဖြဲ၍ ထရံပေါက်ကို ကပ်ပစ်လိုက်ကာ စာအုပ်မှာ စာအုပ် သည်များက လိုချင်တပ်မက်စွာ တဖွဖွမှာကြားနေသည့် ကပ်ဖကာ၏ ရဲတိုက် စာအုပ်ဖြစ်ကြောင်းကိုမူ ဘယ်တုန်းကမှ စာမသင်ဖူးသဖြင့် အင်္ဂလိပ်လိုဝေး၍ မြန်မာလိုပင် တစ်လုံးမှ မတတ်ရှာသော ဦးဘအိုတစ်ယောက် သိနိုင်ရှာလိမ့်မည် မဟုတ်ပါချေ။

သစ္စာနီ (အခြားသောအရာများ နှင့် လူ - ဝတ္ထုတိုပေါင်းချုပ်)

0 comments:

Newer Posts Older Posts Older Posts